နွေရာသီမှာ ပိုဖြစ်တတ်တဲ့ မျက်မှေးရောင် မျက်စိနာရောဂါ
နွေဦးမှာ လေရူးလေးတွေ ဝေ့ဝဲတိုက်လိုက်တဲ့အခါ သစ်ပင်၊ ပန်းပင်တွေနဲ့ မြက်ပင်တွေက ဝတ်မှုန်တွေ၊ ဖုန်မှုန့်တွေနဲ့ မှိုပိုးတွေက လွင့်ပျံလာပြီး မျက်စိထဲဝင်တဲ့အခါ Allergic Conjunctivitis လို့ခေါ်တဲ့ ဓာတ်မတည့်ခြင်းကြောင့် မျက်မှေးရောင် မျက်စိနာတဲ့ ရောဂါ ဖြစ်တတ်ပါတယ်။ အခုလို ဆောင်းအကုန်နွေအကူး ပူပြင်းခြောက်သွေ့တဲ့ ရာသီမှာ ပိုပြီး အဖြစ်များပါတယ်။
Conjunctiva လို့ခေါ်တဲ့ မျက်စိအဖြူသားကို ဖုံးအုပ်ထားတဲ့ အမြှေးပါးမှာ ပြင်ပအရာဝတ္တုတွေ (ဝတ်မှုန်၊ ဖုန်မှုန့်၊ မှိုပိုးစသည်) ဝင်လာရင် mediators လို့ခေါ်တဲ့ ဓာတုပစ္စည်းတွေ ထုတ်လွှတ်ပြီး ခုခံကာကွယ်ပေးပါတယ်။ အဲဒီ mediators တွေက ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ အစွမ်းသတ္တိ ရှိပါတယ်။ မျက်မှေးရောင်ပြီး မျက်စိနာတာဟာ ဓာတ်မတည့်တာကြောင့်အပြင် ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ရောဂါလက္ခဏာတွေက…
- မျက်စိက ယားနေတာ
- နီရဲပြီး ရောင်နေတာ
- မျက်စိပူပြီး မျက်ရည်တွေ ကျနေတာ
- မျက်ခွံတွေပါ ယားပြီး ပွတ်ပါများ၊ ကုတ်ပါများလို့ မျက်ခွံတွေပါ ရောင်ရမ်းပြီး နီရဲလာတာတွေ ဖြစ်ပါတယ်။ မျက်စိနှစ်ဖက်လုံး ဖြစ်လေ့ရှိပြီး တစ်ခါတစ်ရံလည်း မျက်စိတစ်ဖက်တည်း ဖြစ်နိုင်ပါတယ်။
ဝတ်မှုန်၊ ဖုန်မှုန့်နဲ့ မှိုပိုးတွေက အသက်ရှူလမ်းကြောင်းထဲကိုပါ ဝင်ရောက်နိုင်တဲ့အတွက် တချို့သူတွေမှာ နှာခေါင်းယားပြီး နှာရည်တွေကျနေတာ၊ ချောင်းဆိုးတာတွေနဲ့လည်း တွဲတွေ့ရနိုင်ပါတယ်။
ဘယ်လိုကုသမလဲ?
ဒီမျက်စိနာဝေဒနာ သက်သာလျော့ပါးအောင် အောက်ပါနည်းလမ်းတွေနဲ့ ကုစားလို့ရပါတယ်။
- ဓာတ်မတည့်ခြင်းကို သက်သာစေတဲ့ Antihistamine ပါတဲ့ မျက်စဥ်းဆေးရည် ခပ်ရင် သက်သာနိုင်ပါတယ်။
- ရောဂ်ရမ်းတာက ပိုပြင်းထန်နေရင် Ketorolac လို အရောင်သက်သာစေတဲ့ သတ္တိပါတဲ့ မျက်စဥ်းခပ်လို့ ရပါတယ်။
- Steroid ပါတဲ့ မျက်စဥ်းတွေက ရောင်းရမ်းတာကို ပိုပြီး သက်သာစေပေမယ့် မျက်စိဆရာဝန် ညွှန်ကြားချက် မပါဘဲ မသုံးသင့်သလို ကြာရှည်လည်း မသုံးသင့်ပါဘူး။ ကာလကြာရှည် သုံးစွဲမိရင် မျက်စိတွင်းဖိအားများပြီး ရေတိမ်၊ အတွင်းတိမ်နဲ့ မျက်စိအတွင်း ပိုးဝင်တာတွေ ဖြစ်နိုင်ပါတယ်။
- ဓာတ်မတည့်တာကြောင့် ဖြစ်တဲ့ မျက်စိနာရောဂါဟာ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကြောင့် မျက်စိနာတာလို တစ်ဦးကနေ တစ်ဦးကိုမကူးစက်နိုင်ပါဘူး။
ကာကွယ်ဖို့အတွက် ဆိုရင်
- ဝတ်မှုန်တွေ၊ ဖုန်မှုန့်တွေနဲ့ ပြင်ပအရာတွေ မဝင်အောင် ဂရုစိုက်ပါ။
- အပြင်သွားရင် မျက်မှန်တစ်မျိုးမျိုးတပ်ပါ။
- ရာသီဥတု အခြေအနေကို သတိထားပြီး လိုအပ်ရင် အိမ်ထဲမှာပဲ နေပါ။
- လေတိုက်နေတဲ့အခါ တံခါးနဲ့ ပြတင်းပေါက်တွေကို ပိတ်ထားပါ။
မျက်စိနာတာက ရောဂါဆိုးကြီးတစ်ခု မဟုတ်ပေမယ့် ခံရခက်တဲ့ ဝေဒနာတစ်ခုပါ။ မျက်စိနာနေလို့ Drama ကားတွေ မကြည့်ရ၊ ဖုံးမသုံးရ၊ ဂိမ်းမဆော့ရတာလည်း ဝဋ်ဒုက္ခတစ်ခုပဲ မဟုတ်လား။ ဟက်ပီးလေးတို့လည်း မျက်စိနာခြင်းကင်းတဲ့ နွေရာသီလေး ဖြစ်ကြပါစေနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်